A Moment with Niki | Bus '39' | Slice-of-Life Short Story
| နစ်ကီနဲ့ တခဏတာ - '၃၉' ဘတ်စ်ကား |
A Moment with Niki | Bus 39 | Slice-of-Life Short Story (Burmese Language only)
နစ်ကီက မှတ်ဉာဏ်မကောင်းဘူးလို့ပဲ ပြောရမလားမသိဘူး။ ကျက်စာတွေဆိုလည်း အမြဲတန်း အမှတ်နည်းတယ်။ အထူးသဖြင့် ၏ သည် မရွေး ဖြေရတော့မယ်ဆိုရင် ဘယ်တော့မှ အတိအကျ မဖြေနိုင်ဘူး။
နောက်ဆုံး မှန်၊ မှား ဖြေရင်တောင် သဘောတရားကို မှတ်ရင်မှတ်... မမှတ်လို့ သူများတွေလို ဒီမေးခွန်းလာရင် အမှန်၊ ဒီမေးခွန်းလာရင် အမှားလို့ အလွတ်မှတ်ရင် နှစ်လုံးတည်းနဲ့ ဘောင်းဘီကြပ်ပါလေရော။ မှတ်လေ မေ့လေ၊ သတိရပြန်တော့လည်း ရောနေတတ်တယ်။
ဒီလိုနဲ့ နစ်ကီ ၁၀ တန်းအပြီးလောက်မှာ သင်တန်းတွေတက်ဖို့ ဘတ်စ်ကားတွေ စီးရတယ်။ သင်တန်းတွေက မြို့ထဲမှာ။
နစ်ကီတို့နေတဲ့ ရပ်ကွက်လေးကနေ မြို့ထဲကိုသွားမယ်ဆိုရင် ဘတ်စ်ကား 'နံပါတ် ၃၉' တွေ စီးရတယ်။ နစ်ကီ ၁၀ တန်းပြီးချိန်လောက်မှာ ၃၉ တွေက ဗိုက်ပူတွေတော့ မဟုတ်တော့ဘူး။ ကားကြီးတွေ ဖြစ်နေပြီ။
ဘတ်စ်ကားနံပါတ် ၃၉ မှာ... နံပါတ်ကသာ တစ်ခုတည်း... တကယ်တန်းကျ ၃၉ နှစ်လိုင်းရှိတယ်။ အပေါ်လမ်းကားနဲ့ အောက်လမ်းကားဆိုပြီး နှစ်လိုင်း။ မြို့ထဲ အပေါ်ဘက်တွေကို ရောက်တဲ့ကားနဲ့ မြို့ထဲ အောက်ဘက်တွေကို ရောက်တဲ့ကားပဲ ဆိုပါတော့။ မြို့ထဲဘက်ရောက်သွားရင် အပေါ်နဲ့အောက် မှတ်တိုင်တွေ ခွဲထွက်သွားရော။
အပေါ်လမ်း ၃၉ နဲ့ အောက်လမ်း ၃၉ ဘယ်လို သတ်မှတ်လည်းဆိုတော့ ကားကြီးရဲ့ ရှေ့မှန်မှာ ကပ်ထားတဲ့ ကပ်ပြားသေးသေးလေးရဲ့ အရောင်နဲ့ သတ်မှတ်တယ်။ အဝါရောင် နဲ့ အစိမ်းရောင်။ အဝါရောင်ဆိုရင် အပေါ်လမ်း၊ အစိမ်းရောင်ဆိုရင် အောက်လမ်း။
အဲဒီ့မှာ မှတ်ဉာဏ်သိပ်မကောင်းတဲ့ နစ်ကီအတွက် တိုင်ပတ်ပါလေရော။ ဘယ်လောက်မှတ်မှတ် အစိမ်းနဲ့ အဝါ ဘယ်ဟာက အပေါ်လမ်း၊ ဘယ်ဟာက အောက်လမ်းမှန်း မမှတ်မိဘူး။ အမြဲရောတယ်။ တစ်ခါတစ်လေ မှတ်မိပြီအထင်နဲ့ ကားပေါ် တက်ချလိုက်ပြီး သုံး/လေး မှတ်တိုင်လောက် သွားပြီးမှ အပေါ်လမ်းကားနဲ့ အောက်လမ်းကား မှားတက်မိမှန်း သိတော့တယ်။
စပါယ်ယာတွေက ရောက်တဲ့ မှတ်တိုင်နာမည်တွေကို အော်လေ့ရှိပါတယ်။ ခက်တာက မှတ်တိုင်နားရောက်မှ စပါယ်ယာအော်တာ ကြားရတော့ အဆင်မပြေဘူးရယ်။ ဘာလို့ဆို လူတွေက ဘတ်စ်ကားကို အဝေးကနေ လှမ်းမြင်ရကတည်းက လမ်းပေါ်ရောက်နေကြပြီ။ လူကတောင် ဘတ်စ်ကားကို ပြန်တိုက်ကြတော့မယ့် ပုံစံ။
ကားက ရပ်ပြီဆိုတာနဲ့ တစ်ခါတည်း ခရီးသည်ဆင်းတာတောင် မစောင့်ကြတော့ဘဲ ပြုံတက်ကြတော့တာ။ အဲ့တော့ ကားရပ်လို့ စပါယ်ယာအော်မှ နစ်ကီ စီးရမယ့် ကားမှန်းသိတဲ့အချိန် နစ်ကီ့အတွက်က အတော်နောက်ကျနေပြီ။ လူအုပ်ကြီးက ရှေ့မှာရောက်နေပြီ။ ကားသမားက လောနေရင် တစ်ခါတစ်လေ ခရီးသည် တက်ရင်းတန်းလန်းလည်း မောင်းထွက်တာပဲ။ လူတွေကလည်း ဇွန်ဘီကားတွေထဲကလို အတင်းလုတက်၊ ဖက်လိုက်ပြီး ပါသွားကြတာ။ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ပေါ့လေ။ အဲ့တော့ ကားရောက်မှ စပါယ်ယာသံ နားထောင်ပြီး ခွဲခြားရတာလည်း နစ်ကီအတွက် သိပ်အဆင်မပြေဘူး။
တစ်ခါတစ်လေကျလည်း ကားက မှတ်တိုင်တည့်တည့်မှာ မရပ်ပြန်ဘူး။ လိုင်းတူ နောက်ကားကို အကျင့်ယုတ်ပြီး ပိတ်ထားချင်လို့ မှတ်တိုင်မရောက်ခင်ကတည်းက လမ်းပိတ်ရပ်ပြီး ခရီးသည် လုတင်တယ်။ ဒါမှမဟုတ်လည်း မှတ်တိုင်ကို ကျော်ရပ်ပြီး ခရီးသည်ကို အလောတကြီးတင်ပြီး ချက်ချင်းပြန်ထွက်တယ်။
အဲ့တော့ နစ်ကီက တခြားခရီးသည်တွေကြားထဲ အလောတကြီး ပြေးသွားပြီးမှ အနားရောက်လို့ စပါယ်ယာအသံကြားတဲ့အခါ ကိုယ့်ကားမဟုတ်ဘူးဆိုရင် ဆန့်တငင်ငင်နဲ့ လူတောကြီးထဲကနေ ပြောင်းပြန် ပြန်တိုးထွက်ရပြန်ရော။ ပြန်တိုး မထွက်ရင် နောက်ကလူတွေက တွန်းတာနဲ့ ကားပေါ် အလိုလို ပါသွားလိမ့်မယ်။ ကား တံခါးနားရောက်မှ ကိုယ့်ကားမဟုတ်မှန်းသိပြီး မတက်တော့ဘူးဆိုရင်လည်း နောက်က လုတက်နေတဲ့သူတွေက ဘုကြည့်ကြည့်သေးတာ။
တစ်ချို့စပါယ်ယာတွေကျလည်း လက်မလေးနဲ့ ပြတယ်။ လက်မလေးကို အပေါ်ကို ထောင်ပြထားရင် အပေါ်လမ်းကား... အောက်ကို စိုက်ပြထားရင် အောက်လမ်းကားပေါ့။ ဒါအလုပ်ဖြစ်တယ်။ ဒါပေမယ့် လေးလုံးလေး နစ်ကီအဖို့ ရွေ့နေတဲ့ ဘတ်စ်ကားပေါ်က အဲဒီ့လက်မပိစိလေးကို အဝေးကနေ လှမ်းမြင်အောင် မနည်းအာရုံစိုက်ကြည့်ရတာ အရမ်းတော့ အဆင်ပြေမနေဘူး။
တစ်ချို့စပါယ်ယာတွေကျလည်း ဘာလက်မမှ ထောင်ပြမနေဘဲ မှတ်တိုင်ရောက်တာနဲ့ ကွမ်းယာဆိုင် ပြေးတော့တာပဲ။ သူကွမ်းယာဝယ်ပြီးတာနဲ့ ကားကလည်း ပြန်ထွက်တော့တာပဲ။ အဲဒီ့အတွင်း ခရီးသည်တွေက အမြန်တက် အမြန်ဆင်းပေါ့။ အဲ့အချိန်ဆိုမျိုးဆို အပေါ်လမ်းကားလား၊ အောက်လမ်းကားလားဆိုတာ အရောင်ကြည့်ပြီး မမှတ်မိတဲ့ နစ်ကီအတွက်တော့ ကံစမ်းရသလိုပဲ။
နစ်ကီက လူကြောက်တော့ အခြားခရီးသည်တွေကိုလည်း မမေးရဲဘူး။ မေးပြန်ရင်လည်း တစ်ချို့ခရီးသည်တွေကျ လုတက်ဖို့ လုပ်နေကြတော့ ပြန်ဖြေဖော်မရဘူး။ အချိန်မီ ကားပေါ် အမြန်တက်ပြီး ကားက မှန်ချင်လည်း မှန်မယ်၊ မှန်ချင်မှလည်း မှန်မယ်။ ကားမှားမှာစိုးလို့ မတက်ဘဲ ကျန်ခဲ့လည်း ကားထွက်သွားပြီးမှ ထွက်သွားတဲ့ကားက နစ်ကီစီးရမယ့် ကားမှန်း သိလိုက်ရတာမျိုး။
အဲ့လိုနဲ့ မြို့ထဲသွားဖို့အရေး ဒီ ၃၉ ဘတ်စ်ကား အဝါနဲ့ အစိမ်းရဲ့ အပေါ်လမ်းနဲ့ အောက်လမ်း မမှတ်မိတဲ့ကိစ္စက နစ်ကီအတွက် တော်တော် ဂွကျတယ်။ နည်းလမ်း တစ်ခုခုတော့ ရှာမှဖြစ်တော့မယ်လို့ နစ်ကီတွေးမိတယ်။
တွေးတယ်...
တွေးတယ်...
တွေးတယ်။
တစ်ရက်ကျ နစ်ကီ မှတ်နည်းလေး စဥ်းစားမိသွားတယ်။ နစ်ကီ့အဖို့က ၃၉ အဝါ နဲ့ အစိမ်း၊ အပေါ်လမ်း နဲ့ အောက်လမ်းအကြောင်းကို ဘယ်လောက်မှတ်မှတ် မမှတ်မိပေမယ့် နေ နဲ့ မြက် အကြောင်းကိုတော့ နစ်ကီ ကောင်းကောင်း သိတယ်။
အဲ့တော့ နစ်ကီ တွေးလိုက်တာက...
"နေက အဝါရောင်ရှိပြီး မြက်က အစိမ်းရောင် ရှိတယ်။
နေဆိုတာ အပေါ်မှာရှိပြီး မြက်ဆိုတာ အောက်မှာရှိတယ်။
အဲတော့ အဝါက အပေါ်၊ အစိမ်းက အောက်" တဲ့လေ။
အဲဒီ့ကတည်းက နစ်ကီတစ်ယောက် ဘတ်စ်ကားစောင့်တိုင်း စောင့်တိုင်း ခပ်လှမ်းလှမ်းမှာ လာနေတဲ့ ၃၉ ဘတ်စ်ကားကြီးတစ်စီးရဲ့ အရောင်ကို မြင်ပြီဆိုတာနဲ့ နေနဲ့ မြက်အကြောင်းတွေးပြီး ပြုံး... ပြုံး... နေတော့တာပဲ။
~ဉာဏ်ကျယ်စေ~
၁၀၊ နိုဝင်ဘာ၊ ၂၀၂၁